Site Relocation

Moved to waiphyok.com

Saturday, May 12, 2007

ကျွန်တော်နှင့် မိုက်ခရိုဆော့ဖ် သီတင်း၅ပတ်

ကျွန်တော့် အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေတော့သိပါတယ်။ ပြီးခဲ့တဲ့ ၅ပတ်လုံးလုံး ခံစားလိုက်ရတဲ့ ဝေဒနာတွေ။ ရီပေါ့လုပ်ပြီး တင်ပြပါရစေ။ သန့်ဇင်အကြောင်းလည်းပါပါ၏။

ဧပြီလ လဆန်းပိုင်း၁ရက် -
ဆရာမ လင်း ( မြန်မာမှုပြုလိုက်၏ ) ဆီက ဖုန်းလာ၏။ ကျောင်းမှ အသင်းတစ်သင်းသည် ထိုထိုနာမည်ကြီးခွန်အားကြီးလှသည်ဆိုသော မိုက်ခရိုဆော့ဖ်အမည်ရှိ ဘီလူးကြီး၏ နှစ်စဉ်ကျင်းပမြဲရှိတဲ့ ဦးနှောက်စုပ်ပွဲကြီး တွင်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်ဟူ၏။ ထို Imagine Cup ဟု ဘိလပ်လိုသမုတ်ကြသည့်ပြိုင်ပွဲမှာ ဘီလူးကြီး၏ အာဏာစက်လွှမ်းမိုးခြင်းအထူးတလှည်ခံရသည့် စင်္ကာပူရတိုင်းသားတို့မှာ အနန့်ဆုံး အရွဆုံး ၀င်ရောက်ယှဉ်ပြိုင်နေလေသည်ဆိုတည်း။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ SP Team မှာ လမ်းတစ်ဝက်တွင်လူနှစ်ယောက်ပျောက်ဆုံးသွားသဖြင့် ကျွန်တော်နှင့် သန့်ဇင် နှစ်ယောက်ကို ဓါးခုတ်ရာလက်ဝင်ခိုင်းလေသည်။ ပြိုင်ပွဲမှာလည်းအရှိန်ကကောင်း၊ အတွေ့အကြုံလေးလည်းလိုချင်၊ အဲ့ဒီအသင်းကလည်း အဖွဲ့ပေါင်းထောင်ချီနေတဲ့ထဲမှ နောက်ဆုံး ၁၆သင်းကို ယိုင်ကာနဲ့ကာ ပါသွားကြောင်းကြားရလျှင် ရခြင်း ကျွန်တော်နဲ့ သန့်ဇင်မှာ ထိုဘီလူးကြီးကို မချစ်သော်လည်းအောင့်ခါနမ်း၊ ငါတို့တော့အခန့်သားတက်ထိုင်ရုံပဲထင်၊ ရမည့်ဆုသားအသပြာကို မက်ကာ ၀င်ရောက်ကူညီပါမည်ဟု ကတိပေးလိုက်လေသည်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးနှစ်ကျောင်းသား ဘ၀အတွက် အရေးအကြီးဆုံး Final Yr Proj ကြီးရှိနေတာတောင်မှ ဘယ်ကမာရ်နတ် လှုံ့ဆော်လေသရော့မသိ၊ အဲ့ဒီလိုကတိပေးလိုက်မိတယ်ဗျာ။ တန့်တန်တန်..

၁ပတ်ကျော်ကျော်ကြာသော် -
ဆရာမကထပ်ခေါ်၏။ ပွဲကနောက်ထပ်လူ၁ယောက်ထပ်ထွက်သွားပြန်ပြီတဲ့။ နောက်အပတ်တွင်လုပ်မည့် ကျောင်းတွင်း သရုပ်ပြပွဲကို နင်တို့ဘာသာလုပ်တော့ ( အဲ့လို မပြောသော်လည်း ထိုနည်းလည်းကောင်းပါပဲ။) ဟု ခေါ်ပြော၏။ နည်းနည်းတော့ စဉ်းစားမိလာပြီ။ ငါတို့မှားပြီလားဆိုပြီး။ နောက်တော့ ဂရုပ်ခေါင်းဆောင်ကခေါ်တွေ့တယ်။ သူလည်း ပွဲနှင့်ပတ်သက်ပြီး ဘာမှ ဟုတ်တိပတ်တိ Implementation မလုပ်ရသေးပါဝူးတဲ့။ ကျွန်တော့် ပရိုပိုဆယ်လ်လေး သူတို့ကြိုက်လို့ နောက်တစ်ဆင့်တက်သွားတာပါတဲ့။ အဲ့တော့ ညီလေးတို့နှစ်ယောက်ကပဲ ဦးဆောင်ပြီး စတင်ဆက်လုပ်ပါတဲ့။ တိန် သေပြီဆရာ။ .. ဒီလိုနဲ့ ၁ပတ်ကုန်လေသည်။

ကျောင်းတွင်းသရုပ်ပြပွဲ -
ကျွန်တော်တို့လိုပဲ မိုက်ခရိုဆုပ် တွင် ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ တခြားအသင်းလည်းရှိပါသေးတယ်။ သူတို့က အဲ့နေ့မှာ အရင်သူတို့ရဲ့  Software System ကိုရှင်းပြတယ်။ ဘာတွေမှန်းလဲသိဘူး။ ဒီလိုပါပဲ။ ကျွန်တော်တို့အလှည့်ရောက်လာတယ်။ ၁ပတ်လုံးလုံး ၁ရက် ၄နာရီ မပြည့်တပြည့် အိပ်ထားကာ အပူတိုက်လုပ်ထားတဲ့ ပရိုတိုတိုက်ပ်၊ ပုံစံငယ်ကို ကျောင်းက ဒါရိုက်တာ။ ဟိုဟာထိတာ။ အဲ့လေ။ Director နှင့် လက်ချာရာတွေကို ရှင်းပြတယ်။ ကွင်းလုံးကျွတ်စိတ်ဝင်တစားအားပေးတယ်။ တခဲနက်မဲပေးတယ်။ နင်တို့ဟာက ဘာကြီးတုံးတဲ့ အဲ့ဒါကြီးက ဘာအသုံးဝင်သတုံးတဲ့။ သွားပါပြီဗျာ။ .... ခဲလေသမျှ

ပွဲအပြီးစကားများ -
စိတ်ကညစ်သပေါ့။ အိုင်ဒီယာက ကိုယ့်ဟာမှမဟုတ်၊ နင်တို့ဝင်ကူဆိုလို့ကူရသေး။ မေးလိုက်တဲ့ မေးခွန်းတွေကလည်း မဖြေနိုင်။ စိတ်ကမပါတပါ။ ဆရာမတချို့ ကတော့ ကရုဏာနှင့် နှစ်သိမ့်ရှာပါတယ်။ သားတို့ က FYP ကြီးလည်းရှိတာကိုး။ အားမလျှော့နဲ့ ဆက်ပြိုင်တဲ့။ စိတ်မလျှော့ပါဘူး။ အစကတည်းက စိတ်ပါလို့ပြိုင်ခြင်းမဟုတ်၊ ပိုက်ဆံလေးရမည်၊ ဆီမီးဖိုင်နယ်ထိ အလကားတက်လိုက်သည်ဆိုလို့ ၀င်ပြိုင်တာပါ။ အဲ့လိုတော့မပြောလိုက်ပါဘူး။ စိတ်ထဲကတော့ ဆုံးဖြတ်လိုက်တယ်။ တော်ပြီလို့၊ အလကားအချိန်ကုန် အိုင်ဒီယာ မကောင်းတဲ့ ပရောဂျက်ကြီးကို ဆက်မလုပ်တော့ဘူး။ တကယ့်ပွဲနေ့လည်း နားမလည်ဘူး၊ ပြိုင်တော့ဝူးလို့။ ....

နောက်...ဘာဆက်ဖြစ်သလဲဆိုတော့ ..... ( အဟီး သိပ်ရှည်သွားပြီ၊ နောက်တစ်ပို့စ်လာမည်။ စိတ်ချ၊ tmr တင်ပါ့မည်။ )

Regards,
WaiPK