Site Relocation

Moved to waiphyok.com

Saturday, May 06, 2006

Myanmar's No-Smoking Law


ဆေးလိပ်သောက်သုံးမှု ထိမ်းချုပ်ရေး ဥပဒေထုတ်ပြန်ခြင်း

မေ၊ ၅ရက်နေ့၊ မနေ့တုန်းက မြန်မာ့အလင်းသတင်းစာမှာ ပါတဲ့သတင်းပါ။ မြန်မာနိုင်ငံမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဆင့်အတန်းပိုမို မြင့်မားလာရေး ရည်ရွယ်ချက်နဲ့ ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတရပ်ထုတ်ပြန်လိုက်ပါတယ်တဲ့။ ဒီဥပဒေဟာ ထုတ်ပြန်တဲ့နေ့ကစပြီး နောက်တစ်နှစ်အကြာမှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ ဥပဒေချိုးဖောက်တဲ့သူတွေကိုလည်း ပြင်းပြင်းထန်ထန်အပြစ်ပေးသွားပါမယ်တဲ့။ ဘယ်လိုပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးလည်း ဆိုတာတော့ မသိရသေးပါဘူး။ ဆေးရုံ၊ စာသင်ကျောင်း၊ လေဆိပ်၊ ရုပ်ရှင်ရုံအပါအ၀င် လူအများဝင်ထွက်သွားလာနေတဲ့ စူပါမားကတ်ကြီးတွေ၊ စတဲ့ နေရာတော်တော်များများကို ဆေးလိပ်မသောက်ရ နယ်မြေအဖြစ်သတ်မှတ်လိုက်ပါတယ်။ ယခင်ကလည်း No-Smoking ပုံလေးတွေ ချိတ်ထားပေမယ့် လူတွေက စည်းမဲ့ကမ်းမဲ့ သောက်နေခဲ့ကြတာပါ။ အခုတော့ ဥပဒေနှင့် ဆွဲချုပ်လိုက်ပါပြီ။ ရောင်းတဲ့လူတွေအနေနှင့်လည်း ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုတဲ့ စာတမ်းနဲ့ အသက်(၁၈) နှစ်အောက်သာ ရောင်းချပေးမည်ဆိုတဲ့ ဆိုင်းဘုတ်တွေကို မြင်သာတဲ့နေရာမှာ ချိတ်ထားရမယ်လို့ ဆိုပါတယ်။ ချိုးဖောက်ပါက ဒဏ်ငွေ(၂) သောင်းကနေ အများဆုံး (၂) သိန်းအထိ ပေးဆောင်ရမှာဖြစ်ပြီး အများဆုံးထောင်ဒဏ်(၂)နှစ်အထိ ကျခံရနိုင်ကြောင်း ထုတ်ပြန်ထားတဲ့ ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေမှာ ဖော်ပြထားပါတယ်။

ကျွန်တော့် အနေနှင့် ဆေးလိပ်သောက်ခြင်းကို ပြင်းပြင်းထန်ထန် မကန့်ကွက်ချင်ပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ဆေးလိပ်သောက်သူမဟုတ်ပါ။ ကျွန်တော့် မိသားစုတွင် အဖေ ရေလည်သောက်ပါသည်။ ကျွန်တော် အဲ့ဒီအနံ့နှင့်ပဲ ခေါင်းမူးပြီးဝသွားလို့လားမသိ၊ ခုချိန်ထိ စမ်းဖို့ကို ခပ်လှမ်းလှမ်းကရှောင်ပါတယ်။ မိဘတွေကလည်း မသောက်ဖို့ အားပေးပါတယ်။ ဆိုတော့ကာ ဒီဥပဒေဟာကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအရ ဘယ်လိုမှ မဆုတ်ယုတ်သွားစေပါဘူး ။ ဟီးဟီး။ ဒါပေမယ့် ရှုဒေါင့်အမျိုးမျိုးက ကြည့်လို့ရပါတယ်။ ဒီလောက်စီးပွားရေး ကျပ်တည်းနေတဲ့ ခေတ်ကြီးမှာ စီးကရက်ဈေးကလည်း မသေးပါဘူး။ သိပ်မသောက်ရတော့ ထွက်ငွေနည်းသွားတာပေါ့ဗျာ။ နည်းသွားတော့ တခြားမိသားစုအတွက် အကျိုးရှိတဲ့နေရာတွေမှာ အသုံးချလို့ရပါမယ်။ ကျန်းမာရေးရှုထောင့်ကတော့ ပြောစရာမလိုဘူးထင်ပါတယ်။ အကြံပေးဆိုင်းဘုတ်တွေလည်း နည်းတာမဟုတ်ပါဘူး။ ကိုယ့်အငွေ့ကြောင့် သူများလည်း ထိခိုက်ခဲ့ရတာများပါပြီ။ ကျွန်တော်ကိုယ်တိုင်ကတော့ အငွေ့မှုတ်တဲ့ကောင်များတဲ့ သူငယ်ချင်းဝိုင်းတွေဆိုရင် မထိုင်ပါဘူး။ အသက်ရှုကျပ်လို့ပါ။ အဲ သူတို့အကြိုက်နှင့် သူတို့ဆိုတော့လည်း ပြောပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် မကောင်းမှန်း သိရက်နှင့်တော့ဗျာ။ ...

အဲ့ ခုနကပြောနေတဲ့ ဥပဒေ။ မြန်မာပြည်မှာဖြစ်သင့်တာတော့ ကြာပါပြီ။ စလုံး မှာကြည့်ပါလား။ ဈေးလည်းတင်လိုက်တယ်။ ဥပဒေလည်း တင်းတင်းကျပ်ကျပ် ထားလိုက်တယ်။ ကျွန်တော်တို့ဆီမှာ လူတွေက No-Smoking ဆိုလည်း ဂရုမစိုက်ကြပါဘူး။ J-Donut, My Milk, Cafe Aroma တို့ စဖွင့်တုန်းက အဲယားကွန်းလေးနှင့် စမတ်ကျကျပါပဲ။ ဒါပေမယ့် ၃လ လောက်ပဲ ခံတယ်။ တချို့များ အဲ့ဒီ ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်ကို မှီပြီး အားရပါးရ ဖွာနေလိုက်တာဗျာ၊ ဆိုင်မီးလောင်နေတယ်ထင်လို့ ခပ်လှမ်းလှမ်းကကြည့်ရင်။ ကိုယ့်ဘာသာ သောက်တာဘာဖြစ်လဲဆိုတာတော့ ဟုတ်ပါတယ်။ ပတ်ဝန်းကျင်ကို အားနာတတ်တဲ့ စိတ်လေးတော့ ထားပေးသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ မခံနိုင်တဲ့လူတွေရှိမယ်၊ ကျန်းမာရေးမကောင်းတဲ့လူတွေရှိမယ်။ အဲ့တော့ ဒီလို အလုံပိတ်အခန်းထဲမှာ အားရပါးရ ဆော်နေတာတော့ မကောင်းဘူးလို့ ထင်ပါတယ်။ အခုလို ဥပဒေနှင့် မထုတ်ရင်လည်း အသိစိတ်နှင့် ရပ်တော့မှာ မဟုတ်ပါဘူး။ ဆိုတော့ ဒီပြဋ္ဌာန်းချက် ကိုကြိုဆိုသင့်ပါတယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ အဲ့ တကယ်ကျပ်မတ်မယ်ဆိုရင်ပြောပါတယ်။ နို့မဟုတ်ရင်တော့ ....... ဟီးဟီး။

ကျန်းမာရေးမြှင့်ဖို့၊ လူမှုရေးမြှင့်ဖို့၊ စီးပွားရေးမြှင့်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် သုံးတန် အကျိုးမှန်နှင့် မနှေးဧကန် ဆောင်ရွက်နိုင်ရင်တော့ ကောင်းလေစွ၊ ကောင်းလေစွ။

ရင်ခုန်လျက် ( တယောက်သောသူကြောင့် )
ဝေဖြိုး
မေလ ၆ ရက်၊ ၂၀၀၆ ခုနစ်