Site Relocation

Moved to waiphyok.com

Thursday, April 20, 2006

Healthy Life ?


ဟိုတလောက ရုပ်ရှင်တစ်ကားကြည့်တယ်။ အဲ့ထဲက မင်းသားက အရပ်ထောင်ထောင်မောင်းမောင်း ကြွက်သားကောင်းကောင်းနှင့် ဆိုတော့ ကြည့်ရတာ အားကျဖို့ကောင်းတာပေါ့ဗျာ။ ဒါနှင့် ကျွန်တော်လည်း စိတ်ကူးလေးရလာတယ်၊ ကျောင်းက အားကစားရုံမှာ သွားကစားမယ်ဆိုပြီး။ အဲ့လိုနှင့် ၃ ရက်လောက်လည်းကြာရော လမ်းမှာ မတွေ့တာကြာတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့တယ်။ ခပ်လှမ်းလှမ်းကကြည့်တာ ၀ီလ်စမစ်ထင်လို့ ဗျ။ အံမယ် ဒီငနဲက ထောင်ထောင်မောင်းမောင်းနှင့်ကိုဖြစ်လို့။ ဒါနှင့် ခွေးအမဲ တွေ့သလိုပဲ သူ့ကို အကူအညီတောင်းခဲ့တယ်၊ မင်းသွားရင် ငါ့လည်းခေါ်ပါဦးလို့ဆိုပြီး။ အမ်းနေလာလိုက်တာ နောက်ဆုံးဒီကနေ့ ညနေခင်းမှပဲ အဲ့ဒီ ကျောင်းက အားကစားရုံကို ရောက်ခဲ့တယ်။

ကျွန်တော်တို့ ကျောင်းမှာ အားကစားရုံ ၃ ရုံလောက် ( ကျွန်တော်သိရသလောက် ) ရှိပါတယ်။ အားလုံးက ပစ္စည်းကိရိယာ အစုံအလင်၊ အအေးခန်း၊ ရေသန့်စက်၊ နည်းပြ ဘာညာနှင့် ပြည့်ပြည့်စုံစုံပါပဲ။ မီးလည်းမပျက်ပါဘူး။ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ။ စကားမစပ် ဒီက စင်္ကာပူ နိုင်ငံသားတွေမှာ အလေ့အထတစ်ခုရှိတယ်ဗျ။ သူတို့ရဲ့ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာကတည်းက သူတို့ကျောင်းသားတွေ၊ လူငယ်လူရွယ် တွေကို အားကစားစိတ်ဓါတ်၊ ကျန်းမာရေးဂရုစိုက်စေရန်၊ အတိအကျပုံစံခွက်နှင့် လေ့ကျင့်ပျိုးထောင်ပေးပြီးသား၊ အစိုးရကလည်း ဒါမျိုးတွေ အတွက် ငွေကုန်ကြေးကျအများကြီးခံပြီးကို စရိတ်ထုတ်ပေးတယ်။ မနက်မိုးလင်းပြီဆိုရင် ကျောင်းသားတွေကို ကျောင်းဝင်းကြီး၁ခုလုံး ပတ်ပြေးခိုင်းတယ်။ ( အထက်တန်း၊ အလယ်တန်းကျောင်းသားတွေကိုပြောတာပါ )။ ကျွန်တော်က ယောက်ျားအချင်းချင်း ဂေးစိတ်ပေါက်ပြီး စိတ်ဝင်စားလို့တော့ မဟုတ်ဘူး၊ ဒီစလုံးကောင်တွေကို များသောအားဖြင့် လိုက်သတိထားမိပါတယ်။ ကျွန်တော်တို့နှင့် စားပုံသောက်ပုံခြင်း အတော့်ကို ကွာပါတယ်။ ကိုယ်လုံးကိုယ်ထည်၊ အရပ်အမောင်းအားဖြင့်လည်း အတော်များများက မြင့်တဲ့အနေအထားမှာရှိပါတယ်။ အစိုးရက စားသောက်ကုန်၊ အစားအသောက်ရောင်းတဲ့ ဈေးဆိုင်တွေကို အာဟာရ ပြည့်မပြည့် လိုက်စစ်ပြီးမှ ရောင်းစေတယ်ဆိုပဲ။ ထမင်းစားရင်တောင် သူ့စနစ်နှင့်သူရှိတယ်။ အသားဟင်း ၁ မျိုး၊ အရွက် ၂ မျိုး၊ သူ့အချိုးအဆနှင့်သူရောင်းတာများပါတယ်။ ( ဟို မက်ဒေါနယ်တွေ၊ ဘာဂါကင်းတွေ စားတဲ့ လူတွေကိုတော့ မပြောပါဘူး။ )

အဲ့ကျွန်တော်ပြောတာတွေကြည့်ပြီး စလုံးတွေကိုအထင်ကြီးနေတယ်လို့တော့မထင်ပါနှင့်။ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ ကြည့်မရပါဘူး။ လူတွေက စက်ရုပ်တွေလို မွေးထုတ်ခံခဲ့ရလို့ ကျန်းမာသန်စွမ်းနေသော်ငြားလည်း လူ့ကျင့်ဝတ်တွေကို လျစ်လျူရှုတတ်ကြပါတယ်။ ရုပ်ဝါဒ အင်မတန်ကြီးစိုးပြီး ကွန်မြူနစ်၊ ဘာသာမဲ့တွေ များပြားလို့နေပါတယ်။ ငါက ဘာသာမဲ့ကွ၊ လွတ်လပ်စွာ တွေးခေါ်သူကွ ဆိုပြီး လက်ညှိုးတစ်ထောင်ထောင်နှင့် မျက်စိစပါးမွှေးစူးလှပါတယ်။ သို့ပင်မဲ့လည်း ဒါတွေကို မျက်စိတစ်ဖက်ခဏ မှိတ်ပြီးကြည့်မယ်ဆိုရင်တော့ သန့်ရှင်းကျန်းမာနေတဲ့ နိုင်ငံတစ်နိုင်ငံကိုမြင်နိုင်ပါတယ်။ ပုဆိန်ရိုးမဟုတ်ပေမယ့် သခင်မျိုးလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံက လူတွေလည်း ကျန်းမာရေးကို ဦးစားပေးသင့်နေပြီထင်လို့ ရေးတာပါ။
တက်ကသိုးလ်တွေမှာ အားကစားရုံတွေ၊ ရေကူးကန်တွေ၊ ဘောလုံးကွင်းတွေ အလုံအလောက်ရှိသင့်နေပါပြီ။ ယင်နားစာမစားနှင့်၊ ၀မ်းလျှောရောဂါဖြစ်မယ်ဆိုပြီး ဆိုင်းဘုတ်တွေထောင်ထားယုံနှင့် မလုံလောက်ပါဘူး။ မစားသင့်တာတော့ မစားလောက်ဘူးလို့ ယုံကြည်သော်ငြားလည်း စားသင့်တာတွေလည်း မစားတာရှိပါတယ်။ ( ဒီပို့စ်ကို ရေးတဲ့ အချိန်မှာ ဈေးကြီးလွန်းလို့၊ တစ်ချို့ ငတ်မလိုတောင် ဖြစ်နေတာကို သိရတော့လည်း ကျွန်တော့်မှာ အားနာရ၊ ရှက်ဝမ်းနည်းမိပါတယ်)။ မျှတအောင်စားနေတဲ့လူတွေရှိပါတယ်။ ထားပါတော့။ ဈေးပေါနေတယ်လို့ပဲ စိတ်ထဲမှာမှတ်ထားလိုက်ပါ။ အဲ့လိုအချိန်မှာလည်း ကလေးတွေကို ငယ်ငယ်ကတည်းက သေချာ မထရိန်းခဲ့ပဲနှင့်၊ ကြီးမှ ဘက်စုံတွေဘာတွေ ပြိုင်ခါနီးမှ အတင်းအကျပ် လေ့ကျင့်ပေးဖို့ မကြိုးစားပါနှင့်။ မုန့်စားတန်းတွေမှာလည်း ဘာမှနားမလည်တဲ့ ကောင်လေးတွေကို လိုက်စစ်ခိုင်းရုံနှင့်တော့ ဘယ်လိုမှ သင့်လျှော်တဲ့ ကျန်းမာတဲ့ အစားအစာတွေ ကျောင်းသားတွေ စားရမှာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မုန့်ဈေးတန်း လိုက်စစ်ဖူးပါတယ်။ စစ်ဆိုတော့ ဟိုကြည့်ဒီကြည့်၊ ဟိုနှိုက်၊ ဒီနှိုက်၊ အဖုံးအုပ်မအုပ်၊ ဒါတွေပဲကြည့်ပြီးပြန်လာတာပါ။ ( လာဘ်လာဘကလည်း စီးပွားရေးကျပ်တည်းတော့ ယူခဲ့ရသေးတယ် ဆိုင်ရှင်တွေဆီကနေ။ )
ပြောချင်တာကတော့ ကျောင်းတွေက ကျန်းမာရေး ဂရုစိုက်တယ်၊ စိုက်တယ်နှင့် တကယ်တမ်းမှာ အာဝါဒါးပါပဲ။ လူငယ်တွေသန်မာဖွံ့ဖြိုးစေဖို့ အစီအမံတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မတွေ့ခဲ့ပါဘူး။ ကျွန်တော် ကျောင်းတုန်းကတော့ အား၊ကာ ဆရာ အကြံပေးလို့ တိုက်ကွမ်ဒို သုံးနှစ်လောက်သင်ဖူးပါတယ်။ ဂန္တ၀င် အောင်ဆန်းကွင်းကြီးမှာပါ။ ကျောင်းမှာတော့ ဘာပစ္စည်းကိရိယာမှ မရှိပါဘူး။ အဲ့ဒါတွေကိုသိရက်နှင့် ဘက်စုံပြိုင်ပွဲတွေ နီးတော့မှ နင်တို့ဒိုက်လေးတောင်မထိုးတတ်ဘူးလား၊ အိပ်ထမတင်မလုပ်တတ်ဘူးလားနှင့် လာဟောက်နေတာတွေက ဘယ်သူ့အမှားပါလဲခင်ဗျာ။ ဆရာတွေကို ကြည်ညိုပါတယ်၊ သူတို့မှာလည်း ရသမျှလခလေးနှင့် ဖြစ်သလိုစားနေတာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ခုချိန်ပြန်စဉ်းစားကြည့်တိုင်း အသဲချိအောင် နာပါတယ်။ လောကကြီးမှာ အပြစ်မရှိဘဲနှင့် တရားစွဲခံရ၊ ထောင်ချခံရ၊ အဆူအဟောက်ခံရ၊ လက်ညှိုးထိုးခံရတာတွေဟာ အင်မတန်မှ စိတ်ဝမ်းနည်းစရာ၊ စိတ်ကုန်စရာ ကောင်းလှပါပေတယ်ဗျား။

ခြေလက်ထုံကျင် ကိုက်ခဲစွာနှင့် ရင်ဖွင့်ချက်များ။
ဝေဖြိုး
ဧပြီလ ၂၀ ရက်၊ ၂၀၀၆ ခုနှစ်