Site Relocation

Moved to waiphyok.com

Friday, April 28, 2006

Oh my Psycho.... !


... စိတ်ရှုပ်မှု၊ စိတ်ညစ်မှု၊ စိတ်လေမှု။ ...

ကျွန်တော်တို့ကျောင်းမှာ စီးပွားရေးဘာသာတွေ၊ ဥပဒေဘာသာတွေ၊ ဈေးကွက်စနစ်တွေ၊ စတော့ခ်တွေ၊ ကို အိုင်တီဘာသာယူရင် အလကားသင်ပေးပါတယ်။ အဲ့မှာ တစ်ခုလိုနေတာကိုခံစားမိတယ်။ စိတ်ပညာကိုကျတော့ ဘာလို့ချန်ခဲ့တာလဲလို့။ သူရူးတွေနှင့်ပြည့်နေတဲ့ ဘုံဘ၀ကြီးပါလို့ မြတ်စွာဘုရားဟောခဲ့တာကို တွေးလိုက်မိတိုင်း ကြက်သီးထလောက်အောင် မှန်ကန်နေတာကို တွေ့နေရလို့ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်ဖြစ်နေတာကို ဂုဏ်တောင်ယူမိသေးတယ်။ ဟုတ်ပါတယ်။ ဒီစိတ်ကပဲ အမျိုးမျိုးဖြစ်နေတာပါ။ ရုပ်တွေပြောင်းလဲလာတာနှင့်အမျှ စိတ်ဟာလည်း အနိစ္စပါပဲ။ တနေ့တနေ့ ဒီလိုအရှိန်အဟုန်နှင့် တိုးတက်လာတဲ့ အချိန်မှာ ကျွန်တော်တို့အားလုံးဟာ သောင်းပြောင်းထွေလီ ကိစ္စများမြောင်ကို အချိန်ရှိသရွေ့ စဉ်းစားနေပြီး ရမ္မက်တွေ၊ လောဘတွေနှင့် ရူးသွပ်ကုန်ပါပြီ။ လူတိုင်းသိတဲ့ ကိစ္စကို အားအားယားယား လာပွားနေတာတော့ မဟုတ်ပါဘူး။ ခုနလေးက အဲ့ဒီ စိတ်ပညာနှင့်ပတ်သက်ပြီး စဉ်းစားမိတာလေးကို ရေးလိုက်တာပါ။

ကျွန်တော်ရဲ့ ကိုယ်တွေ့လေးပါ။ ကျွန်တော် စင်္ကာပူကို လွန်ခဲ့တဲ့ ၁၁လ လောက်ကရောက်ပါတယ်။ မလာခင်ကတည်းက ရည်မှန်းချက်ကြီးနှင့်ပေါ့။ လူတွေ မျက်ကန်းအထင်ကြီးကြတဲ့ ဆရာဝန်ဆိုတဲ့အလုပ်ကို အမေ့ရဲ့ မျက်နှာကိုတောင် လျစ်လျူရှုပြီး အဲ့ဒီ စိတ်ဆိုတာကြီးရဲ့ ဆုံးဖြတ်မှုပေါ်မှာ ဒုံးဒုံးချပုံပြီး ထွက်လာခဲ့တာပါ။ လူတစ်ယောက်ကို ယုံကြည်မှုတွေ တပုံတပင် ပေးစေတာလည်း အဲ့ဒီစိတ်ပါပဲ။ .... လူတွေနှင့်ဝေးကွာအောင်၊ ကိုယ်ရဲ့ အသိုက်ကိုစွန့်ခွာပြီးထွက်ခွာလာအောင်လည်း ဒီ စိတ်က လှုံ့ဆော်ပေးခဲ့တာပါပဲ။ သူငယ်ချင်းတွေ၊ သံယောဇဉ်တွေရုတ်တရက် အဖြတ်ခံလိုက်ရတော့ အားချိသွားအောင်လုပ်လိုက်တာလည်း ဒီစိတ်ပါပဲ။ ...

ဒီရောက်တော့ ကျွန်တော် အင်မတန်မှ အထင်ကြီးမိပါတယ်။ တိုင်းပြည်တစ်ပြည်ကို ဒီလောက် သေသေသပ်သပ်နှင့် စေ့စေ့စပ်စပ် ဖန်တီးထားတာ၊ လူတွေကို စည်းကမ်းရဲ့တန်ဖိုးကို နတ်တစ်ပါးလို ကိုးကွယ်ခိုင်းထားတာကို မြင်ပြီးတော့ စိတ် က လှုံ့ဆော်ပြန်ပါတယ်။ ငါလည်း လူတော်ထဲက တစ်ယောက်ဖြစ်ပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုနိုင်တဲ့ ကောင်တစ်ကောင်တော့ ဖြစ်ရမယ်လို့ ဆိုပြီး။ ... ဦးသန့်ပြောသလိုပေါ့၊ ဗမာဟာ ဗမာပဲကွ။ ဗမာဟာ ဗမာပြည်ကို ချစ်ရမယ်။ ဗမာဟာ ဗမာပြည်မှာပဲနေရမယ်။ ဗမာဟာ ဗမာပြည်မှာပဲသေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေခြားမြေခြားကိုရောက်နေပေမယ့် တစ်နေ့နေ့ ကိုယ့်နိုင်ငံကို ကျွန်တော်တို့အားလုံးပြန်ကိုပြန်ရမှာပဲ။ အခွင့်အရေးတစ်စုံတစ်ရာကြောင့်တော့ နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့၊ တဲ့။ ... အဲ့ဒီမှာတင် ကျွန်တော့် စိတ်တွေထကြွပြီး .( စကားလုံးကြီးတွေ ပြောတော့မယ်။ ).. လေ့လာလိုက်တာပေါ့၊ ဘာပြောကောင်းမလဲ။ အံမယ်၊ တနေ့နေ့ ဒီကောင့်ကြည့်လိုက်ရင် စာအုပ်တစ်အုပ်နှင့်၊ ကို့စ်နှင့် မဆိုင်တဲ့ တခြားဘာသာရပ်တွေရော။ လူနှင့်မလိုက်တာတွေပါ လျှောက်ဖတ်တော့တာပေါ့။ ... အဲ့ဒီ စိတ်ပါပဲဗျာ။ မြှောက်တုံးကတော့မြှောက်ပေးပြီး နောက်တော့မှ သူ့ကို အရမ်းဖိစီးတယ်ဆိုလို့ နောက်တော့ လျှော့လိုက်ရတယ်။ ဟီးဟီး။ ခုတော့ ခပ်မှန်မှန်ပါပဲ။ ( စိတ်ကော လူကော ) ။

အဲ့လိုနှင့် ဒုတိယနှစ်ဝက်လည်းရောက်ရော၊ ကျွန်တော့်ရဲ့ချစ်ဖို့ ကောင်းတဲ့ စိတ်က စေခိုင်းပြန်တယ်။ တာဝန်ဆိုတာယူတတ်ရတယ်ကွတဲ့ ဆိုပြီး။ ကူလိုက်ရတဲ့ အခမဲ့ကူလီထမ်းခြင်းတွေ။ မြန်မာကျောင်းသား အဖွဲ့အစည်းတစ်ခုလုံးမှာ လည်း ကားရားကားရားနှင့် လိုက်ပြီးတာဝန်ခံပေးတာ။ နောက်ဆုံးရလဒ်က တော့ ဂရိတ်တွေ၊ အမှတ်တွေနည်းနည်း ကျ သွားပြီး၊ စကောလားနှင့် ခပ်လှမ်းလှမ်းရောက်သွားမှ အဲ့ဒီ စိတ်က ထပ်ပြောတယ်။ ဟကောင် သိပ်တာဝန်မယူနှင့်တော့ တဲ့။ စာသွားကျက်ဆိုပြီး။ ..... သြော် အချိန်နှင့်အမျှပြောင်းနေလိုက်တာနော်၊ ကျွန်တော့်ဘ၀။ =)

နောက်ဆုံး ဒီနှစ်ရောက်လာပြီပေါ့ဗျာ။ စိတ် က ထပ်ပြောတယ်၊ မင်း ဒုတိယနှစ်ကျောင်းသားတဲ့ စီနီယာပီပီ သွားကူညီရမယ်တဲ့။ အသစ်လာတဲ့ကျောင်းသား၊ ကျောင်းသူတွေကို။ အဲ့ဒါနှင့် သွားတာပေါ့။ ပိုက်ဆံတော့လည်းမရပါဘူး၊ ( စီစီအေ တော့ရတယ်ဂျ။ ဟိ ) စိတ် ကသူ့ဘာသာ ဒုက္ခတွေတောင် သယ်လာသေးတယ်။ ဂျူနီယာတွေ အပူတွေပေါ့ဗျာ။ နောက်ဆုံး အဲ့ဒီစိတ်ဘယ်လောက်ဆိုးလဲဆိုရင် အစက တော့ ရိုးရိုးသားသား လိုက်ကူညီပေးနေတဲ့ ကောင်မလေး ကိုတောင်၊ အခွင့်အရေးယူဖို့ကြံစည်ပါလေရောဂျာ။ ကျွန်တော့်ကို အစဉ်ခိုင်းစေလာတဲ့ စိတ်က ဒီတစ်ခါလည်း ပြင်းပြင်းထန်ထန် လှုံ့ဆော်ပြန်ပါတယ်။ အချိန်တိုင်းမှာ ရူးသွပ်စွာ လွှမ်းမိုးထားတယ်၊ ဒီစိတ်က ဒီတစ်ခါကျတော့ ရောဂါပြင်းသဗျာ။ ဘယ်လိုမှ မေ့ပျောက်လို့ မရဘူး။ .. အတင်းကို လိုက်တွယ်ကပ်ဖို့ စေခိုင်းနေတယ်။ .. အချစ်ဆိုတာကို ပြည့်ပြည့်၀၀ ပုံဖော်ဖို့ ကြိုးစားနေတယ်။ .. အဲ့ဒီ ကောင် (စိတ်) လုပ်လို့ ကျွန်တော့်မှာလည်း သူ့အမုန်းကို ခံရတော့မယ်။ မိန်းကလေး တစ်ယောက်ကို ချစ်မိတာ အပြစ်ဖြစ်သွားပြီထင်တယ်။ ဒီ စိတ်ရှည်ရှည် မထားမိလို့လည်း မိန်းကလေးဘက်က ဒေါသတောင်ထွက်လာပြီ။ ကျွန်တော့်ဘ၀ ကိုလည်း အမျိုးမျိုးဖြစ်အောင် သူကပဲ ဖန်တီးနေပြီ။ ...

သြော် ... ရှုပ်ရှက်ကို ခတ်နေတာပဲဗျာ။ ကောင်မလေးရယ်၊ ငါ့ရဲ့ ကောင်စုတ်မလေးရယ်၊ မင်းရဲ့စိတ်ဟာလည်း ငါ့ရဲ့စိတ်လိုပဲဘာကြောင့် နားလည်ရခက်နေတာလဲကွယ်။ .....

ဆက်ချစ်နေမယ့်။
ဝေဖြိုး ( ဧပြီလ ၂၈ရက် ၂၀၀၆ခု )

Thursday, April 27, 2006

Desperate Morning...

Just an excerpt from Big Bag's Songs... I'm now at school. Darn boring with today's lessons ... Sigh** I'm totally changed.. I used to love programming, but u kicked that out ... I used to dream Embedded systems and Security Things at nights, but u replaced them ... My heart was used to be formed with Chips/Silicons/Circuits. My brain was once structured with Logics, Syntaxes and Formulas.. But u are there now, instead. Why? Why? What happened to me?


ပြဇာတ်မဟုတ်သော ပြဇာတ်
တေးရေး - အရိုး
ဆို - ဟန်ထူးလွင်၊ ဗီနို၊ ဆင်ပေါက်

မခိုင်းဘဲ နှိုးတဲ့ ငှက်မျိုးစုံ
မပြောဘဲရောက်တဲ့ အရုဏ်ဦး
မထွန်းဘဲလင်းတဲ့ နေမင်းနဲ့
မခေါ်ဘဲရောက်တဲ့ မနက်ခင်းမှာ
မခိုင်းဘဲရေးတဲ့ စာတစ်မျက်နှာ
မပြောဘဲကြားမယ့် ဘာသာစကား
မရင်းနှီးသေးတဲ့ ကောင်မလေးအတွက်
မခေါ်ဘဲရောက်ခဲ့သူ့အနားကို
လေပြည်ညှင်းလည်း မတိုက်ခတ်ပါ
တေးသံချိုချို မပျံ့လွင့်ပါ
လက်ခုပ်တီးသူ လူမရှိပါ
တကယ်လည်း ပြဇာတ်မဆန်ခဲ့ပါ

မဆွဲဘဲရတဲ့ ပန်းချီကားမှာ
မဆိုးဘဲရဲတဲ့ ဒီနှုတ်ခမ်းများ
မတောင်းဘဲပြည့်တဲ့ ဆုတောင်းနဲ့
မပြင်လည်းလှတဲ့ နတ်သမီးရေ
မကမ်းတဲ့လက်တစ်ဖက် မျှော်လင့်သူ
မသွားမယ့်လမ်းကို ကြိုဖောက်ပြီး
မပြီးဘဲ ကားချ ဇာတ်သိမ်းတော့
မနှင်ဘဲ နောက်လှည့်ပြန်ခဲ့သည်
မတောင်းဘဲပေးတဲ့ စာတစ်မျက်နှာ
မမေးဘဲပြောတဲ့ သင်္ကေတ
မဖတ်ဖို့ ဖွင့်တဲ့ စာတစ်အိတ်က
မမြင်လည်းသိမယ့် အမှတ်အသားပါ

Wednesday, April 26, 2006

Only for you ..


..... အဝေးမှာနေခဲ့ပါလား အချစ်ရယ်၊ ..မင်းဘာလို့ လာခဲ့ရတာလဲ။ ငါ့ရဲ့ အဆိပ်တက်ပြီးသေသွားပြီဖြစ်တဲ့ ဒီနှလုံးသားကို ဘာလို့ လာပြီး သနားရတာလဲ။ .... မင်းကိုပူလောင်စေမှာကို စိုးလို့ ... ဖွင့်မပြောဖို့ ဆုံးဖြတ်ခဲ့ဘူးပေမယ့် ... မိုက်ခဲသတ္တိကို ထပ်မွေးပြီး ... အရဲစွန့်ခဲ့ရတာပါ။ ...... မင်းရဲ့ဆုံးဖြတ်မှုကို နာခံပါ့မယ်လို့ အကြိမ်ကြိမ်အခါခါပြောခဲ့ပေမယ့်လည်း .... ရလာမယ့် အဖြေကိုတော့ လူ့သဘာဝအတိုင်း အကောင်းလေးကို စိတ်ကူးယဉ် မိနေပါတယ်။ ... . မင်းအကြောင်းတွေ အိပ်မက်တွေထဲမှာလည်း ပြည့်နှက်လို့နေတာ ထွက်မသွားပါနှင့်တော့ကွာ ဆိုပြီးသီချင်းကိုအော်ဆိုနေယုံကလွဲပြီး ... ငါ့မှာတော့....ဘာပြန်ပြောရမှာလဲ ။ .... ငါ့အချစ်ကို မယုံဘူးလို့ ပြောခဲ့တဲ့စကားတွေအတွက်လည်း ဘယ်သူ့ကိုမှလည်း အပြစ်မတင် တော့ပါဘူး။ ... ငါ့ကို သနားပါလို့ မျက်ရည်ခံထိုးပြီးလည်း မတောင်းဆိုချင်တော့ပါဘူးဗျာ။ ... အတင်းအကျပ်လည်း ဖိအားမပေးချင်တော့ပါဘူး။ ... မီးနှင့်သံကောင်းစစ်မစစ် မှတ်ကျောက်တင်ကြည့်ချင်တာကို လက်ခံနိုင်ပေမယ့် မယုံသင်္ကာတဲ့ စကားသံတွေကို ကြားရတာ မချိလှပါဘူးဗျာ။ .... ၀မ်းနည်းပေမယ့် မျက်ရည်တော့မကျပါဘူး။ ငိုနေပေမယ့် ... ရင်ထဲမှာပါပဲ။ .... မင်းရဲ့ အခွင့်အရေးပေးခဲ့တာကို အသုံးချခဲ့ပြီး၊ ကူညီပေးတယ်ဆိုပြီး အသားယူတတ်တဲ့ ငါ့ကို မင်းမယုံရဲတာလည်း ဖြစ်သင့်ပါတယ်။ ... မင်းစိတ်ချမ်းသာမယ်ဆိုရင်လေ၊ မင်းကိုထိခိုက်နေမယ်ဆိုရင်လေ၊ အဝေးကနေသာလှမ်းကြည့်နေရလည်းဖြစ်ပါတယ်။ ပြောခဲ့တဲ့ စကားကိုပြန်ရုတ်သိမ်းပေးလို့ရပါတယ်။ ဒါပေမယ့် ဖွင့်ဟခဲ့တဲ့ အချစ်တွေကိုတော့ ပြန်သိမ်းဖို့ဆိုတာ .. စဉ်းစားလို့တောင်မရပါဘူး။ မင်းပျော်ရွှင်နေမယ်ဆိုရင် မင်းသိပ်ကြိုက်တဲ့ လူရွှင်တော်လေးအဖြစ်နှင့်ပဲ ဖျော်ဖြေပေးနေပါ့မယ်။... မင်းဘ၀ရဲ့ဒုက္ခတွေကို မျှဝေပြီး အခမဲ့ကူလီထမ်းပေးပမယ်။ ...နောက်ဆုံး... ငါ့ကိုသာ ခပ်လှမ်းလှမ်းကနေ ငိုကြွေးခွင့်ပြုပါတော့။ ..... အချစ်ရယ်။

*********** ကျွန်တော့် ဘလော့ခ်ဖတ်သောအကို၊ အမများ၊ ဤအဆိပ်အတောက်ဖြစ်စေနိုင်သော စာပေများကို သောက်ရှက်ကင်းမဲ့စွာဖွင့်ဟရေးသားရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ တစ်ယောက်သောသူကိုသာ ရည်စူးတာဖြစ်တဲ့အတွက်ကြောင့်ပါဗျာ ။. ..... *************

နာကျင်လျက်၊ ဆွေးမြည့်လျက်၊ လွမ်းဆွတ်လျက်
ဝေဖြိုး ။ ၂၆ရက် ဧပြီလ ၂၀၀၆ ခုနစ် ။

Broken Dreams


ကျွန်တော်နှင့် ဆောင်းအိပ်မက်များ

ဆောင်းအိပ်မက်ဆိုတာ ဘာကိုခေါ်လဲဆိုတာတော့ ကျွန်တော် အတိအကျ မသိပါဘူး၊ ခပ်ရေးရေး သဘောပေါက်ထားတာကတော့ မရေရာတဲ့သဘောတရားကို ဆောင်တယ်ဆိုတာလောက်ပါပဲ။ စိတ်ကူးဆိုတာ အလကားရတိုင်း ယဉ်လို့ရပေမယ့် အဲ့ဒီစိတ်ကူးတွေထဲကနေ လှုပ်နိုးခံရရင် ဘယ်လောက်ခံရခက်တယ်ဆိုတာကိုတော့လူတိုင်းလည်းသိပါတယ်။ ကျွန်တော်အတွက်ကတော့ ကျူတိုရီရယ် တွေ တပုဒ်ပြီးတပုဒ် တိုးလာသလိုပဲ။

ကျွန်တော့်အသက်၁ဂနှစ် ပြည့်တဲ့အချိန်မှာ ဖြတ်သန်းခဲ့ရတာ မနည်းပါဘူး။ ခေတ်ပျက်ကြီးမှာ ၁၆နှစ်စွန်းစွန်းနှင့် စင်္ကာပူကိုရောက်လာပြီး အရွယ်နှင့်မလိုက်တဲ့ ပရောဂျက်တွေကြီးစိုးတဲ့ ပညာရေးစနစ်နှင့် လုံးထွေးသတ်ပုတ်ပြီး သကာလမှာ တော့ အတော်လေးတည်ငြိမ်သွားတယ်လို့ ( သောက်ရှက်မရှိ ) ထင်မိပါတယ်။ ကိုယ့်အတွေးအခေါ်နှင့် လိုက်မယ့်မိန်းကလေး ပဲရှာယူတော့မလိုလို မြောက်ကြွကြွနှင့်ပေါ့ဗျာ။ ရွှေနိုင်ငံမှာတုန်းက ယောက်ျားလေးကျောင်းမှာကြီးခဲ့တဲ့ ကောင်ဆိုတော့ မိန်းကလေးမြင်ရင် သွေးရူးသွေးတန်း ဖြစ်ခဲ့ဖူးပါတယ်။ ( ဆယ်တန်း၊ ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်း ) လောက်မှာပေါ့။ ဒါပေမယ့်လည်း ဟိုကမမတို့က မျက်ထောင့်နီကြီးတွေနှင့် ကြည့်လိုက်တိုင်း ကမ္ဘာပျက်မလောက်ကြောက်ပြီး ဘာမှ မပြောရဲခဲ့တာနှင့် ရည်းစားသညာဆိုတာ ဒိုင်ယာရီထဲမှာ မရှိခဲ့ဖူးပါဘူး။ ငမ်းလိုက်ရတဲ့ မိန်းကလေး၊ အရူးအမူးဖြစ်ခဲ့ရတဲ့ မိန်းကလေး၊ ရုပ်ကြည့်ပြီးကြိုက်မိတဲ့ မိန်းကလေး၊ စသည် စသည်ဖြင့် မော်ဒယ်မမလေးတွေ၊ ကျောင်းတွေကလှပေ့ဆိုတဲ့ ကွင်း(စ်)တွေကို လည်း အားရပါးရ ( ခပ်လှမ်းလှမ်းကနေ ) ကြောင်ဖူးပါတယ်။ သို့သော်လည်း ပရိသတ်များသိကြတဲ့အတိုင်း ဘာမှအရာမထင်ပဲ အသဲသာ ၂ ခါလောက်ကွဲသွားတယ်။ ( ဆိုလိုတာက ပြင်းပြင်းထန်ထန် ၂ ခါလောက်ဖြစ်ဖူးတယ်လို့ ) ။ နောက်တော့လည်း သူတို့လည်း လင်နောက်လိုက်၊ အဲ့အဲ့ .. သူများနှင့် ပါသွားတာပဲ။ ဒီလိုနှင့်ပေါ့ဗျာ စင်္ကာပူရောက်လာတယ်။

ဒီမှာတော့ မြန်မာကောင်မလေးကလည်းချောချောရှား၊ ရှိတာတွေကလည်း သူ့ဟာနှင့်သူဆိုတော့ ခြေမကိုင်မိလက်မကိုင်မိ၊ ( နှာခေါင်းတော့ တပွတ်ပွတ် ) ဖြစ်နေတာပေါ့။ ရှိတဲ့ရုပ်မချောပေမယ့် စိတ်ရင်းကောင်းတဲ့ မိန်းကလေးတွေကိုလည်းတွေ့ခဲ့ဖူးပါတယ်။ သံယောဇဉ်ပြင်းပြင်းထန်ထန်ရှိခဲ့ပေမယ့် ကျွန်တော်ရွှေတိုင်းမှာတုန်းကချစ်ခဲ့ဖူးတဲ့ အရင်တစ်ယောက် ( သူ့နာမည်က မလေးလိုတော့ နွားနို့ပေါ့ဗျာ ) လို ရင်ထပ်မခုန်တော့ပါဘူး။ ................... အဲ့လိုနှင့်နေလာလိုက်တာ ပထမနှစ်ပြီးတဲ့ခါမှာတော့ဗျာ။

ကြမ္မာငင်တဲ့နံနက်ခင်းတစ်ခုမှာ အနေအထိုင်မတတ်တဲ့ ကျွန်တော်ဟာ ရွရွ၊ရွရွ၊ အင်္ကျီတမမ နှင့် အမိကျောင်းတော်ကြီး ( အက်စ်ပီ ) ရဲ့ ကျောင်းသားသစ်များ ကျောင်းအပ်ပွဲ ကိုဘယ်သူမှ မဖိတ်ခေါ်ပဲသွားခဲ့ပါတယ်။ ကောင်မလေးတွေလာမယ်ဆိုလို့ငမ်းကြမယ်လိုက်ခဲ့ ဆိုလို့တော့ မဟုတ်ရပါဘူး။ ကိုယ့်မြန်မာအချင်းချင်း စရောက်ခါစမှာ ကိုယ့်တုန်းကလိုပဲ အခက်မတွေ့ရအောင်ဆိုတဲ့ စိတ်ဓါတ်လေးလည်းပါပါတယ်။ =) ကဲ့ ကျွန်တော်တို့ ဦးကထ ကြီးကို သွားကူညီကြရအောင်ဆိုပြီး သွားလုပ်ပေးနေတာပေါ့ဗျာ။ ..........အဲ့ဒါနှင့် တနေ့............ ၇ ရက်နေ့၊ ဧပြီလဆိုတာကိုမော်ကွန်းထိုးဖို့ အကြောင်းကဖန်လာတော့တာပဲ။ ညနေမွန်းလွဲ ၃ချက်ကျော်ကျော်လောက်မှာ လူကလည်းရှင်းနေပြီ ဘယ်သူမှလည်းထပ်မလာတော့ဘူးဆိုတာနှင့် ကော်ဖီဘရိတ်ယူမယ်လုပ်နေတုံး .... ..... ~ အက်စပရက်ဆို ၊ မိုချားခီးယားတိုး ~ နှစ်ခွက် လောက် ဆင့်သောက်လိုက်ရသလို ~ မိန်းကလေး တစ်ယောက်ကိုတွေ့လိုက်ရတယ်။ အလွန်လှပါတယ်။ လူတစ်ယောက်ရဲ့ အလှကို ပုံဖော်ရလောက်အောင် ကျွန်တော့်အေ၇းအသားမကောင်းလို့ မရေးတောပါဘူး။ ပုံပြင်တွေထဲက အလှတစ်ပါးနေမှာပါ။ ဘာပဲပြောပြော အဲ့ဒီအချိန်တုန်းကကျွန်တော်ရိုးသားပါသေးတယ်၊ သြော်လှတယ်၊ ချစ်စရာလေး၊ ဒီလောက်ပါပဲ။ Love At First Sight တို့ဘာတို့ကို အဲ့လောက် အယုံအကြည်မရှိပါဘူး။ လူတစ်ယောက်ရဲ့ ဇစ်မြစ်ကို သိစရာမလိုတာတောင်မှ သူ့စိတ်ဓါတ်ဘယ်လိုရှိတယ်၊ အသိဥာဏ်၊ အတွေးခေါ်၊ လူ့တစ်ဖက်သားအပေါ်နားလည်နိုင်စွမ်း၊ ဘာညာသရကာ နေကြာကွာစိတွေ စတာတွေကို ဖတ်ကြည့်လို့မရသေးခင်မှာတော့ အချစ်တွေ မပေါက်ဖွားခဲ့ပါဘူး။

ဒီလိုနှင့် ကျွန်တော့် တာဝန်အရလည်းဖြစ်၊ အိုင်တီကျောင်းသားတွေသာကျွမ်းကျင်တဲ့ ကွန်ပြူတာပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို လိုက်ပါကူညီပြီးတဲ့ အခါမှာတော့၊ ကျွန်တော့် မှာ သေဆုံးသွားတာကြာပြီဖြစ်တဲ့ ရင်ခုန်ခြင်းကို ပြန်တွေ့ခဲ့ပါတယ်။ ကလေးလို အရူးအမူးတော့မဖြစ်တော့ပါဘူး။ ကျွန်တော့်ရဲ့ (တဖန်) ရှင်သန်စ နှလုံးသားက တဒိတ်ဒိတ်နှင့် စည်းချက်ကျကျ၊ ကာရန်ညီတဲ့ တီးဝိုင်းတစ်ခုလို ခံစားချက်တွေကို ညိမ့်ညောင်းစွာ စတင် တီးမှုတ်ပါတော့တယ်။ အသက်အရွယ် အပိုင်းအခြား၊ သူ့ရဲ့ နောက်ကြောင်းကို ထောက်လှမ်းရေးကကောင်တွေလို့ အတင်းအကျပ်လိုက်မစစ်ထားလို့ မသိခြင်းစတာတွေနှင့် စဉ်းစားစရာတွေ အဖြာဖြာကို ဖင်ပြန်ခေါင်းပြန်ရှုမြင်ဆင်ခြင်သုံးသပ်ပြီးတဲ့ သကာလမှာ သူ့ကိုကျွန်တော်ချစ်မိသွားပြီဆိုတာ သိလိုက်ရပါပြီ။ ( ဆရာကြီး ဆစ်ဂမန်ဖရွိုက် ကပြောဖူးတယ်၊ လူ့လောကမှာ အချစ်ဆိုတာဘာလဲ၊ ဆိုတာ ဘယ်သူမှ သဘောမပေါက်ဘူးတဲ့၊ ပေါက်ရင်လဲ အဲ့ဒီလူဟာ သူရူး တစ်ယောက်ပဲလို့ ဆိုတယ်။ ) အဲ့တော့ ကျွန်တော်လည်း အဲ့ဒီ သံယောဇဉ်သက်သက်မဟုတ်သော၊ စေတနာသက်သက်မဟုတ်သော၊ သနားခြင်းသက်သက်မဟုတ်သော၊ တပ်မက်ခြင်းသက်သက်မဟုတ်သော၊ အချစ်လို့ တစ်ချို့က ခေါ်ဝေါ်သမုတ်ကြသော ဖီလင်တစ်ခုရဲ့ နှိပ်စက်မှုကို စတင်ခံရပါတော့တယ်ဗျာ။ ......

== ဆက်ရန်.. ==

Thursday, April 20, 2006

Healthy Life ?


ဟိုတလောက ရုပ်ရှင်တစ်ကားကြည့်တယ်။ အဲ့ထဲက မင်းသားက အရပ်ထောင်ထောင်မောင်းမောင်း ကြွက်သားကောင်းကောင်းနှင့် ဆိုတော့ ကြည့်ရတာ အားကျဖို့ကောင်းတာပေါ့ဗျာ။ ဒါနှင့် ကျွန်တော်လည်း စိတ်ကူးလေးရလာတယ်၊ ကျောင်းက အားကစားရုံမှာ သွားကစားမယ်ဆိုပြီး။ အဲ့လိုနှင့် ၃ ရက်လောက်လည်းကြာရော လမ်းမှာ မတွေ့တာကြာတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့တယ်။ ခပ်လှမ်းလှမ်းကကြည့်တာ ၀ီလ်စမစ်ထင်လို့ ဗျ။ အံမယ် ဒီငနဲက ထောင်ထောင်မောင်းမောင်းနှင့်ကိုဖြစ်လို့။ ဒါနှင့် ခွေးအမဲ တွေ့သလိုပဲ သူ့ကို အကူအညီတောင်းခဲ့တယ်၊ မင်းသွားရင် ငါ့လည်းခေါ်ပါဦးလို့ဆိုပြီး။ အမ်းနေလာလိုက်တာ နောက်ဆုံးဒီကနေ့ ညနေခင်းမှပဲ အဲ့ဒီ ကျောင်းက အားကစားရုံကို ရောက်ခဲ့တယ်။

ကျွန်တော်တို့ ကျောင်းမှာ အားကစားရုံ ၃ ရုံလောက် ( ကျွန်တော်သိရသလောက် ) ရှိပါတယ်။ အားလုံးက ပစ္စည်းကိရိယာ အစုံအလင်၊ အအေးခန်း၊ ရေသန့်စက်၊ နည်းပြ ဘာညာနှင့် ပြည့်ပြည့်စုံစုံပါပဲ။ မီးလည်းမပျက်ပါဘူး။ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ။ စကားမစပ် ဒီက စင်္ကာပူ နိုင်ငံသားတွေမှာ အလေ့အထတစ်ခုရှိတယ်ဗျ။ သူတို့ရဲ့ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာကတည်းက သူတို့ကျောင်းသားတွေ၊ လူငယ်လူရွယ် တွေကို အားကစားစိတ်ဓါတ်၊ ကျန်းမာရေးဂရုစိုက်စေရန်၊ အတိအကျပုံစံခွက်နှင့် လေ့ကျင့်ပျိုးထောင်ပေးပြီးသား၊ အစိုးရကလည်း ဒါမျိုးတွေ အတွက် ငွေကုန်ကြေးကျအများကြီးခံပြီးကို စရိတ်ထုတ်ပေးတယ်။ မနက်မိုးလင်းပြီဆိုရင် ကျောင်းသားတွေကို ကျောင်းဝင်းကြီး၁ခုလုံး ပတ်ပြေးခိုင်းတယ်။ ( အထက်တန်း၊ အလယ်တန်းကျောင်းသားတွေကိုပြောတာပါ )။ ကျွန်တော်က ယောက်ျားအချင်းချင်း ဂေးစိတ်ပေါက်ပြီး စိတ်ဝင်စားလို့တော့ မဟုတ်ဘူး၊ ဒီစလုံးကောင်တွေကို များသောအားဖြင့် လိုက်သတိထားမိပါတယ်။ ကျွန်တော်တို့နှင့် စားပုံသောက်ပုံခြင်း အတော့်ကို ကွာပါတယ်။ ကိုယ်လုံးကိုယ်ထည်၊ အရပ်အမောင်းအားဖြင့်လည်း အတော်များများက မြင့်တဲ့အနေအထားမှာရှိပါတယ်။ အစိုးရက စားသောက်ကုန်၊ အစားအသောက်ရောင်းတဲ့ ဈေးဆိုင်တွေကို အာဟာရ ပြည့်မပြည့် လိုက်စစ်ပြီးမှ ရောင်းစေတယ်ဆိုပဲ။ ထမင်းစားရင်တောင် သူ့စနစ်နှင့်သူရှိတယ်။ အသားဟင်း ၁ မျိုး၊ အရွက် ၂ မျိုး၊ သူ့အချိုးအဆနှင့်သူရောင်းတာများပါတယ်။ ( ဟို မက်ဒေါနယ်တွေ၊ ဘာဂါကင်းတွေ စားတဲ့ လူတွေကိုတော့ မပြောပါဘူး။ )

အဲ့ကျွန်တော်ပြောတာတွေကြည့်ပြီး စလုံးတွေကိုအထင်ကြီးနေတယ်လို့တော့မထင်ပါနှင့်။ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ ကြည့်မရပါဘူး။ လူတွေက စက်ရုပ်တွေလို မွေးထုတ်ခံခဲ့ရလို့ ကျန်းမာသန်စွမ်းနေသော်ငြားလည်း လူ့ကျင့်ဝတ်တွေကို လျစ်လျူရှုတတ်ကြပါတယ်။ ရုပ်ဝါဒ အင်မတန်ကြီးစိုးပြီး ကွန်မြူနစ်၊ ဘာသာမဲ့တွေ များပြားလို့နေပါတယ်။ ငါက ဘာသာမဲ့ကွ၊ လွတ်လပ်စွာ တွေးခေါ်သူကွ ဆိုပြီး လက်ညှိုးတစ်ထောင်ထောင်နှင့် မျက်စိစပါးမွှေးစူးလှပါတယ်။ သို့ပင်မဲ့လည်း ဒါတွေကို မျက်စိတစ်ဖက်ခဏ မှိတ်ပြီးကြည့်မယ်ဆိုရင်တော့ သန့်ရှင်းကျန်းမာနေတဲ့ နိုင်ငံတစ်နိုင်ငံကိုမြင်နိုင်ပါတယ်။ ပုဆိန်ရိုးမဟုတ်ပေမယ့် သခင်မျိုးလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံက လူတွေလည်း ကျန်းမာရေးကို ဦးစားပေးသင့်နေပြီထင်လို့ ရေးတာပါ။
တက်ကသိုးလ်တွေမှာ အားကစားရုံတွေ၊ ရေကူးကန်တွေ၊ ဘောလုံးကွင်းတွေ အလုံအလောက်ရှိသင့်နေပါပြီ။ ယင်နားစာမစားနှင့်၊ ၀မ်းလျှောရောဂါဖြစ်မယ်ဆိုပြီး ဆိုင်းဘုတ်တွေထောင်ထားယုံနှင့် မလုံလောက်ပါဘူး။ မစားသင့်တာတော့ မစားလောက်ဘူးလို့ ယုံကြည်သော်ငြားလည်း စားသင့်တာတွေလည်း မစားတာရှိပါတယ်။ ( ဒီပို့စ်ကို ရေးတဲ့ အချိန်မှာ ဈေးကြီးလွန်းလို့၊ တစ်ချို့ ငတ်မလိုတောင် ဖြစ်နေတာကို သိရတော့လည်း ကျွန်တော့်မှာ အားနာရ၊ ရှက်ဝမ်းနည်းမိပါတယ်)။ မျှတအောင်စားနေတဲ့လူတွေရှိပါတယ်။ ထားပါတော့။ ဈေးပေါနေတယ်လို့ပဲ စိတ်ထဲမှာမှတ်ထားလိုက်ပါ။ အဲ့လိုအချိန်မှာလည်း ကလေးတွေကို ငယ်ငယ်ကတည်းက သေချာ မထရိန်းခဲ့ပဲနှင့်၊ ကြီးမှ ဘက်စုံတွေဘာတွေ ပြိုင်ခါနီးမှ အတင်းအကျပ် လေ့ကျင့်ပေးဖို့ မကြိုးစားပါနှင့်။ မုန့်စားတန်းတွေမှာလည်း ဘာမှနားမလည်တဲ့ ကောင်လေးတွေကို လိုက်စစ်ခိုင်းရုံနှင့်တော့ ဘယ်လိုမှ သင့်လျှော်တဲ့ ကျန်းမာတဲ့ အစားအစာတွေ ကျောင်းသားတွေ စားရမှာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မုန့်ဈေးတန်း လိုက်စစ်ဖူးပါတယ်။ စစ်ဆိုတော့ ဟိုကြည့်ဒီကြည့်၊ ဟိုနှိုက်၊ ဒီနှိုက်၊ အဖုံးအုပ်မအုပ်၊ ဒါတွေပဲကြည့်ပြီးပြန်လာတာပါ။ ( လာဘ်လာဘကလည်း စီးပွားရေးကျပ်တည်းတော့ ယူခဲ့ရသေးတယ် ဆိုင်ရှင်တွေဆီကနေ။ )
ပြောချင်တာကတော့ ကျောင်းတွေက ကျန်းမာရေး ဂရုစိုက်တယ်၊ စိုက်တယ်နှင့် တကယ်တမ်းမှာ အာဝါဒါးပါပဲ။ လူငယ်တွေသန်မာဖွံ့ဖြိုးစေဖို့ အစီအမံတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မတွေ့ခဲ့ပါဘူး။ ကျွန်တော် ကျောင်းတုန်းကတော့ အား၊ကာ ဆရာ အကြံပေးလို့ တိုက်ကွမ်ဒို သုံးနှစ်လောက်သင်ဖူးပါတယ်။ ဂန္တ၀င် အောင်ဆန်းကွင်းကြီးမှာပါ။ ကျောင်းမှာတော့ ဘာပစ္စည်းကိရိယာမှ မရှိပါဘူး။ အဲ့ဒါတွေကိုသိရက်နှင့် ဘက်စုံပြိုင်ပွဲတွေ နီးတော့မှ နင်တို့ဒိုက်လေးတောင်မထိုးတတ်ဘူးလား၊ အိပ်ထမတင်မလုပ်တတ်ဘူးလားနှင့် လာဟောက်နေတာတွေက ဘယ်သူ့အမှားပါလဲခင်ဗျာ။ ဆရာတွေကို ကြည်ညိုပါတယ်၊ သူတို့မှာလည်း ရသမျှလခလေးနှင့် ဖြစ်သလိုစားနေတာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ခုချိန်ပြန်စဉ်းစားကြည့်တိုင်း အသဲချိအောင် နာပါတယ်။ လောကကြီးမှာ အပြစ်မရှိဘဲနှင့် တရားစွဲခံရ၊ ထောင်ချခံရ၊ အဆူအဟောက်ခံရ၊ လက်ညှိုးထိုးခံရတာတွေဟာ အင်မတန်မှ စိတ်ဝမ်းနည်းစရာ၊ စိတ်ကုန်စရာ ကောင်းလှပါပေတယ်ဗျား။

ခြေလက်ထုံကျင် ကိုက်ခဲစွာနှင့် ရင်ဖွင့်ချက်များ။
ဝေဖြိုး
ဧပြီလ ၂၀ ရက်၊ ၂၀၀၆ ခုနှစ်

Wednesday, April 19, 2006

Oh My 2nd Year Life !


ဟူး၊

ကျောင်းပြန်ဖွင့်ပြီဗျ။ ကျောင်းပိတ်ရက် ၁ လ လုံးလည်း အလုပ်တွေရှုပ်၊ ဟိုဟာလုပ် ဒီဟာလုပ်နှင့် လူလည်း စက္ကူလုံးဖြစ်နေပြီ။ ( ပွယောင်းယောင်း ဖောသွတ်သွတ် ဟိုလှိမ့်ဒီတိုက် ဖြစ်နေတာကိုပြောတာပါ။ ) တနင်္လာနေ့ က ကျွန်တော်ကျောင်းပြန်တက်ရပါတယ်။ လူက ဒုတိယနှစ်ကျောင်းသားဆိုတော့ ဖရက်ရှာလေးတွေကြားထဲမှာ မြောက်ကြွမြောက်ကြွနှင့် အဟုတ်ပဲပေါ့။ ဒါပေမယ့် အပျော်လေးက သိပ်မခံလိုက်ပါဘူး။ ၂ ရက်ပဲကြာတယ်။ သင်ရမဲ့ ဘာသာရပ်တွေရဲ့ အိုဗာဗျူးတွေ လည်း ဖတ်ပြီးရော လူလည်းသေချင်စော်နံပါလေရော။ ကြည့်လေ။ ယူထားတာက ဒစ်ပလိုမာ အင် အိုင်တီ တဲ့။ သင်ရမဲ့ဟာတွေက ဥပဒေ ( တကယ့် ဥပဒေ စစ်စစ်၊ ရှေ့နေကိုယ်တိုင်သင်မှာ ) ဘာသာက တစ်ခု။ စီးပွားရေးပညာဆိုပြီး စီးပွားရေးစီမံခန့်ခွဲမှု က ၁ ဘာသာ။ ဈေးကွက်နားလည်အောင်ဆိုပြီး ဈေးကွက်စနစ်၊ မားကက်တင်း က ၁မျိုး။ အခုခေတ်စားနေတဲ့ အီးကောမားစ်လို့ခေါ်တဲ့ အီလက်ထရောနစ် စီးပွားရေး ဘာသာက လည်း ၁ ဘာသာ။ ကြည့်စမ်းပါဦး ။ နန်း-အိုင်တီ ၊ ဘာသာရပ်တွေကြီးပဲ။ ဗဟုသုတ တော့ရတာပေါ့ဗျာ။ လူလည်း အသိဥာဏ်တက်တာပေါ့။ ဒါပေမယ့် အရမ်းများ များလွန်းနေလားမသိဘူး။ နောက်ဆုံး ဂျနရယ်လစ် မဖြစ်ပဲ ဟိုမရောက်ဒီမရောက် ခပ်သွတ်သွတ်ဖြစ်သွားလို့ကတော့၊ အဟင့်။ သေပြီဆရာပဲ။

တခြားကွန်ပြူတာဘာသာရပ်တွေကတော့ ကောင်းပါတယ်။ ဆက်သွယ်မှု၊ ကွန်ယက်နည်းပညာ၊ ၀ဗ်လုံခြုံရေးနှင့် ဆားဗစ်တွေအကြောင်း၊ တစ်ချို့ဟာတွေက ဂရစ်ကွန်ပြူတင်းရဲ့ အခြေခံတွေလည်းပါတယ်။ နောက်ဝဗ်အပလီကေးရှင်းတွေ တည်ဆောက်တာတွေရောပေါ့။ ကြိုးစားရဦးမယ်။ ဒီတစ်နှစ်လည်း ။ ပြီးခဲ့တဲ့ တစ်ခေါက်ကတော့ ဒါရိုက်တာရိုးလ် လွတ်သွားတယ်။ ဆုမရတော့ဘူး။ ဒီတစ်ခါတော့ လာလေရော့ဆိုပြီး ကြုံးဝါးထားတယ်။ အဟီး အပြောသာရှိတာပါ။ စာကမလုပ်ဖြစ်ဘူး။

ကျွန်တော့်ကို ခုတလောနှိပ်စက်နေတဲ့ ကောင်မလေး ၁ယောက်ရှိတယ်။ ရုပ်ဆိုးဆိုး၊ မျက်လုံးပြူးပြူး၊ အသားမည်းမည်း၊ ဆံပင်ရှည်ရှည် သူ့ကိုယ်သူ စုန်းမလို့ ကင်ပွန်းတပ်ထားတဲ့ အမျိုးသမီး တစ်ယောက် ခိုင်းသမျှ အကုန်လုပ်ပေးနေရတယ် ဗျာ။ ကျွန်တော့်ကို သူက သရဲလေး ဆိုပဲ။ နာမည်နှင့် နှိမ်ပြီးခိုင်းတယ် ဆိုတာ ဒါမျိုးထင်ပါရဲ့။ စုန်းကဝေ ဒုတ်ကို ဖိုးတစ္ဆေ ကျုပ်က ကြောက်ရတယ် ဆိုတော့ အကျိုးအမြန်မယုတ်ရလေအောင် ခိုင်းတာမြန်မြန်လုပ်ပေးလိုက်တာ ကောင်းမယ်ထင်ပါရဲ့ ကွယ်ရို့။

ဝေဖြိုး
ကျွန်တော်နှင့် ဖွင့်ဟ၀န်ခံချက်များ
ဧပြီလ ၁၉ ရက် ၂၀၀၆

Thursday, April 06, 2006

IT Guys: Bachelors-gonnabes!


ဒီလိုပဲ မနေ့ကပေါက်ကရလျှောက်စဉ်းစားမိတာပါ။ ကောင်မလေး ၁ ယောက်နှင့် ချတ်နေတယ် ( ထုံးစံအတိုင်း ) ။ ဒါပေမယ့် ကျွန်တော်က SPMSC ( Singapore Polytechnic Myanmar Students Community ) က ခိုင်းထားတဲ့ Flyers Design ကို စဉ်းစားရင်းနှင့် နေးတစ်မြန်မာက Technical ပို့စ်လေးတွေ ဖတ်နေတာ။ ဟီးဟီး ဟိုဖက်မှာ ချတ်နေတာ လုံးဝမေ့သွားတယ်။ ဒါမျိုးတစ်ခါလည်း မဟုတ်ဘူး။ ခဏခဏပဲ။ “ ဟိတ် အိပ်ပျော်သွားပြီလား။ ” “ ရေခဲတုံးကြီး စကားပြန်ပြောဦး ” တွေကော ဘာတွေကော ရှုပ်နေတာပဲ။ ခေါ်နေတာ။ သူတို့နားလည်ပေးဘူးဂျာ။ ကွန်ပျူတာ သမားတွေရဲ့ ဘ၀ကို၊ အစဉ်အမြဲလေ့လာသင်ယူနေတဲ့ လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့က အထူးငါးနှစ်၊ ဆယ်နှစ် စဉ်ဆက်မပြတ်အမဲဖျက်တဲ့ စနစ်နှင့် တွေ့ခဲ့ရတဲ့ ကျောင်းသားတွေဆိုတော့၊ အခု ဒီမှာ မီးလေးလာတုံး၊ ကွန်နက်ရှင်းလေးရှိတုံး သင်ရတာပါ။ အဲ့ဒါကို မိန်းကလေးတွေက ကွိုင်တယ်ဂျာ။ နည်းနည်းလေး တော့ နားမလည်ပေးဂျဘူး။ ဘာပြောတယ်မှတ်လဲ တစ်ချို့ဆို။ အိုင်တီ သမား မယား တဖားဖား ဆိုပဲ။ တစ်ရွာသားရည်းစားလုပ်ရင် လွမ်းရတယ်၊ အိုင်တီ သမား ရည်းစားလုပ်ရင် (ဘ၀လေး) နွမ်းရတယ်။ မျောက်သာအမြီးဖြတ်ယူမယ်၊ ကွန်ပျူတာ သမားနှင့် တော့ လင်မလုပ်ဘူးတဲ့။ အဟင့် ကျွန်တော်တို့ ဘ၀က .. ဆိုးပ။ အိုင်တီသမားလင်လုပ် စာခြောက်ရုပ် ( အဲ့လို လယ်ထဲမှာ မတ်တပ်ရပ်နေရအောင် မွဲသွားတာ )။ စိတ်ကိုညစ်ရောဗျိုး။ ပြောတော့လည်းမကြိုက်ကြဘူးကွယ် တစ်ချို့တွေကဒေါသကြီးတယ်။ စိတ်ပိန်လို့ ဒီနေရာလေးမှာ လာအော်ကြည့်တာပါဗျာ။

ဝေဖြိုး
ဧပြီလ ၆ ရက် ၂၀၀၆ ခုနှစ်

~~~~~~ သဗ္ဗေသတ္တာ အဗျာပစ္ဇျာ ဟောန္တု ~~~~~~

Tuesday, April 04, 2006

Songs Revealing Inner Heart


နေညိုချိန်လမ်းလေးပေါ် ရီဝေနေတဲ့အကြည့်တွေ
တို့အတွက်နောက်ဆုံး လက်ဆောင်များလား

နီးစပ်ဖို့လည်း မလွယ်တော့ဘူး ဝေးသွားဖို့လည်း
မခံနိုင်ဘူး
တွဲလက်ကလေး လွတ်ခါသွားချိန်
ကိုယ်စီစိတ်ကူးလေးတွေ လေဟာနယ်ထဲလွင့်ပြီး
အပိုင်းအစတွေဘဲ တို့အတွက်ကျန်ခဲ့ပြီ

နီးစပ်ဖို့လည်း မလွယ်တော့ဘူး ဝေးသွားဖို့လည်း
မခံနိုင်ဘူး
တွဲလက်ကလေး လွတ်ခါသွားချိန်

ဒို့နှစ်ယောက် နှုတ်ဆက်ချိန်လေးတွေ မြင်ယောင်နေမိတယ်
အတိတ်က ဒို့အဖြစ်တွေလည်း အိပ်မက်လိုဘဲ
အချစ်နှင့်ပေးဆပ်ချင်လည်း ယူဆောင်မသွားနိုင်တော့
တို့ရဲ့ အချစ်တွေဟာ ဆောင်းအိပ်မက်လိုပါပဲ ကွာ။


မျှော်လင့်ချက်များစွာနှင့် အလိုချင်ဆုံးဆန္ဒ
တောင့်တဖို့မလွယ်ဘူး .. ကြယ်စင်များဆီမှာ
အိုး .. ဒါအလွမ်းရဲ့ည။

ကိုယ်ချစ်တဲ့ လမင်းရယ် မင်းအနားမှာ အမြဲ
ခိုလှုံချင်တယ် အိပ်စက်ပြီး
မှောင်သောညတွေရယ်
အထီးကျန်ရင်း ၀မ်းနည်း၊
သန်းခေါင်ယံညထဲ မင်းပါကလေးရယ်
ဘာမဆိုကိုယ်အမြဲ တိုင်တည်ပြီးထားခဲ့

အလိုချင်ဆုံးဆန္ဒ
တောင့်တဖို့မလွယ်ဘူး အချစ်ရယ်.. ကြယ်စင်များဆီမှာ
အိုး .. ဒါအလွမ်းရဲ့ည။


နှလုံးသားသံစဉ်တွေရဲ့
ဦးတည်ရာမဲ့
ကောက်နှုတ်ချက်
ဝေဖြိုး ( မတ် ၄ ရက် ၂၀၀၆ ၊ နံနက် ၁း၁၅ )