Site Relocation

Moved to waiphyok.com

Wednesday, March 29, 2006

Small Paragraph , But A life.


ဆရာ မင်းသစ္စာရဲ့ သံလွင်အိပ်မက်မှာ နောက်ဆုံးရေးထားတဲ့ ဆောင်းပါး၁ပုဒ်ထဲမှ ကောက်နုတ်ချက်ဖြစ်ပါတယ်။ ဆောင်းပါးနာမည်က ပုခက်လွှဲသောလက်သို့ပေးစာ ဆိုပါတယ်။ တိုက်ဆိုင်လွန်းလို့လားတော့ မသိဘူး ဖတ်ရတာ အရမ်းအားရလို့ ဒီမှာလာတင်ပေးလိုက်တာပါ။ =)

တက္ကသိုလ်နောက်ဆုံးနှစ်ရောက်စ ရည်းစားမရသေးသော၊ ရည်းစားရွေးရာတွင်ချေးထူသော ယောက်ျားလေးများ ပြောလေ့ရှိသည့်စကားမှာ မိန်းမပေါသလောက် အိမ်ထောင်ဖက်ရှားတယ်ဆိုသောစကားဖြစ်ပါသည်။ ယင်းတို့လေးစားမြတ်နိုးစွာ တစ်သက်လုံး ရှာဖွေကျွေးမွေး လက်တွဲသွားလိုသော မိန်းကလေးတွင် စိတ်ပိုင်း ဆိုင်ရာ အတွေးအခေါ်ဆိုင်ရာ အရည်အသွေးလေးတွေတော့ ရှိစေလိုကြသည်။ အချို့ မိန်းကလေးများမှာ ပေါ်ပင်နောက် လိုက်လွန်းသည်၊ အချို့ကတော့ ရှိသည့်အရည်အချင်းနှင့်မမျှ စိတ်ကြီးဝင်လွန်းသည်၊ အချို့ကတော့ မိမိကို ကြိုက်သည့်သူများတာကို သာယာလွန်းပြီး ယောက်ျားများမိမိကို မကြိုက်ကြိုက်အောင် အထာပေး ပဲပေးလွန်းသည်၊ အချို့မိန်းကလေးများက ဘဲရှုပ်လွန်းသည်၊ အချို့မိန်းကလေးများကတော့ ငွေနှင့် အရည်အချင်းရှိသော ယောက်ျားလေးများနောက် ကျားချောင်းချောင်းကာ မြှူဆွယ်အမိဖမ်းဖို့ ကြိုးစားသည်၊ အချို့မိန်းကလေးများမှာမူ မည်သည့်ရည်ရွယ်ချက် ရှိသည်မသိ အ၀တ်အစားပက်စက်လွန်းသည် စသည်ဖြင့် သူငယ်ချင်းချင်း ဆွေးနွေးတိုင်ပင် စာရင်းဖယ်လိုက်ပြီးသောအခါ မိကောင်းဖခင်သမီးများထဲမှ ကျန်တာထဲက ရွေးချယ်ရလေသည်။ ရုပ်ဆိုးလွန်းသောကြောင့် အထင်သေးကာ ပယ်သည်ဆိုမှာ ရှားပါသည်။ ရုပ်ဆိုးသော်လည်း စိတ်ကောင်းရှိသော သူငယ်ချင်းမများကို တန်ဖိုးထားတတ်ကြပါသည်။ တစ်သက်တာ ရိုးမြေကျပေါင်းဖက်လိုသော မိမိ၏ အိမ်ထောင်ဘက်ကို လေးစား တန်ဖိုးထားကာရွေးချယ်ကြသည်မှာ ယောက်ျားကောင်းများ ဖြစ်လေသည်။ ထို့ကြောင့် မိန်းကလေးများ မိမိကိုယ်ကိုတန်ဖိုးထားကာ ကိုယ်ပိုင်အရည်အချင်း အရရော၊ စိတ်ထားပိုင်ဆိုင်ရာအရပါ၊ ကျင့်ဝတ်သိက္ခာ စောင့်စည်းမှုတို့ဖြင့် မိမိတန်ဖိုးကို မြှင့်တင်ထိန်းသိမ်းပါက ယောက်ျားလေးများမှာလည်း ပေါ့ပေါ့တန်တန်နေရဲ ပြောရဲတော့မည် မဟုတ်ဘဲ အားလုံး စည်းစောင့်ကာ ကြိုးစားလာကြမည်ဖြစ်ပေရာ လူမှုအသိုင်းအ၀ိုင်းတစ်ခုလုံး၏ လူ့တန်ဖိုး သတ်မှတ်ချက် တစ်ခုလုံး မြင့်တက်လာမည်ဖြစ်သောကြောင့် " မိန်းမတို့ဣနြေ္ဒရွှေပေးလို့မရ " ဆိုသည့် ဆိုရိုးနှင့်အညီ ငွေနဲ့တန်ကြေး သတ်မှတ်မရနိုင်သော မိန်းမတန်ဖိုး မည်မျှကြီးကြောင်း သိရပါလိမ့်မည်။


အသေးစိတ်ကိုတော့ သံလွင်အိပ်မက်ရဲ့ နောက်ထွက်တဲ့ Issue#6 မှာ ဖတ်ရှုနိုင်ပါပြီ။ http://www.thanlwin.com/thanlwinainmat

လေးစားစွာဖြင့်
ဝေဖြိုး ( ၂၉ မတ် ၂၀၀၆ )

Error Correction 4 Previous Post


တောင်းပန်ပါတယ်ခင်ဗျား၊ ကျွန်တော့်ရဲ့ Previous Post မှာ အင်မတန်မှကြီးကျယ်တဲ့ အမှားတစ်ခုကိုရေးမိသွားပါတယ်။ ထေရ၀ါရ ကို ထေရ၀ါဒဆိုပြီးတော့ပါ။ ကျွန်တော့်မှာ အဲ့ဒီအမှားအတွက် အင်မတန်မှရှက်မိပါတယ်။ ကိုယ်ရေးတဲ့စာ ဘာဖြစ်နေမှန်းတစ်ခါမှ ပြန်မစစ်တဲ့အကျိုးပေါ့ဗျာ။ လာပြီးသတိပေးတဲ့သူငယ်ချင်းတွေကို လည်း ကျေးဖူးအထူးတင်ကြောင်းဒီနေရာကနေ ပြောလိုပါတယ်။

လေးစားလျက်
ဝေဖြိုး ( ၂၉ မတ်လ ၂၀၀၆ )

Wednesday, March 08, 2006

Me and Buddhism


ဗမာလူမျိုးတို့နှင့် ဗုဒ္ဓဘာသာ ၊ ယုံကြည်မှု နှင့် နားလည်ခြင်း အပြိုင်လွန်ဆွဲမယ်ဆိုရင်၊ ??

ကျွန်တော် လူတတ်ကြီးလုပ်တာတော့ မဟုတ်ပါ။ တွေ့နေရပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်၊ ကျွန်တော့်မိတ်ဆွေ အသိုင်းအ၀ိုင်း၊ ကျွန်တော့် မိဘဆွေမျိုးတွေကြားမှာတောင် အယုံအကြည်လွန်ကဲမှုတွေ ဗုဒ္ဓဘာသာအမည်ခံတွေ တဖြေးတဖြေးတိုးလာတာကို တွေ့နေရပါတယ်။ အဆိုးရွားဆုံးအနေနှင့် ဟိုတလောကတင် သူငယ်ချင်းတယောက် နားလည်သဘောပေါက်မှုတွေ ပြည့်ဝလွန်းအားကြီးလို့ သူများဘာသာကို ကူးသွားပါလေရော့လား။ ဒီမှာက မလွယ်ဘူး။

နိုင်ငံရပ်ခြားလည်း ဖြစ် အကြံဥာဏ်ပေးမယ့်လူလည်းမရှိ ဆိုတော့ အခြေခံ ဗုဒ္ဓဘာသာ သဘောတရားတွေကို နားမလည်ရင် အဲ့လို ခံရတတ်ပါတယ်။ အဲ့ ကျွန်တော်ပြောချင်တဲ့ အဓိက ပွိုင့်က လူငယ်တွေ၊ လူကြီးတချို့တွေ ရဲ့ ခံယူချက်တွေကို ထောက်ပြချင်တာပါ။ စာအုပ်တွေလည်း အများကြီးထွက်ပြီးပါပြီ။ သင်နှင့် မိရိုးဖလာဗုဒ္ဓဘာသာတို့။ ဗုဒ္ဓဘာသာကို တကယ်သဘောပေါက်ခြင်း စသည်ဖြင့် ပေါ့ဗျာ။ ဒါပေမယ့်လည်း တယောက်မှ မကျွတ်နိုင်ဘူး။ ကျွန်တော့် အဖွားအိမ်မှာ ဗျာ ဘုရားစင်ကြီးက ဟီးနေတာပဲ။ အဖွားတို့၊ အမေတို့က ကျွန်တော့်ကို ငယ်ငယ်လေး ကတည်းက သင်ပေးထားတယ်။ သား အဲ့ဒီဘုရားတွေကို လေးစားကြည်ညိုရမယ်နော်။ အားကိုးရမယ်နော်တဲ့။ ကွမ်ရင်တို့၊ ဦးတီပွားတို့ကို ကျွန်တော် တနေ့တနေ့ ထိုင်ထိုင်ကန်တော့ရတာလည်း အခေါက်ပေါင်းမနည်းပါဘူး။ အဖေကတော့ သူ့ဝသီအတိုင်း ဘာမှမပြောပါဘူး။ နောက် ကျွန်တော်စာအုပ်တွေ ဖတ်တယ်၊ အဲ့မှာသိလာတယ် ကိုယ်ကဘာကိုဝင်ထားတာလဲဆိုတာ။ သြော် ထေရ၀ါရ တဲ့ဗျ။ နောက် ထပ်ဖတ်တယ် စာအုပ်တွေကို။ အဲ့မှာတင် စိတ် တော်တော်ညစ်ပြီး ရှုပ်ပါလေရောဗျာ။ ကိုယ့် အမျိုးတွေ၊ ကိုယ့်သူငယ်ချင်းတွေကို ကြည့်ပြီး။ အတန်းဖော် ကိုမေးတယ် မင်းက ဘယ် ဘာသာဝင်လဲဆိုတော့။ အမယ် သူက လက်မကြီးထောင်ပြီး ငါက ဗုဒ္ဓဘာသာကွတဲ့။ ( အဲ့ သူက ကျွန်တော့်ထက်သာတယ်။ ထေရ၀ါရ ဗုဒ္ဓဘာသာကွ ဆိုပြီး ပြောတာ အဲ့တုန်းက ) ဒါနှင့် တရက်လည်းကျတော့ ဒီကောင်ကျောင်းနောက်ကျတယ်။ မင့်ဘာလုပ်နေလဲ မေးတော့ ငါကွာတဲ့ အိမ်မှာ နတ် တင်နေလို့တဲ့။ တိန် ကျွန်တော် ကိုယ့်နဖူးကိုယ် ဖွဖွလေးပွတ်လိုက်ပါတယ် ( နောင်လည်း ရိုက်စရာတွေ အများကြီးတွေ့ ဦးမှာပဲဆိုတော့လေ )။ ဒီလိုနှင့် ပဲ ကျွန်တော့် ဘ၀တစ်လျှောက်မှာ အဲ့လို ဟာတွေအများကြီးတွေ့ခဲ့ပါတယ်။ အဲ့တုန်းကတော့ ကိုယ်က ဘာမှဝင်ပြောလေ့မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကဘာမှ သိသေးတာဟုတ်ဝူးလေ။

နောက်ကျွန်တော် ဆယ်တန်းပြီးတော့ ချမ်းမြေ့မှာ တရားသွားအားထုတ်ပါတယ်။ အ၀ိဇ္ဇာဖုံးနေတဲ့ ကျွန်တော် အဲ့မှာ ကျွတ်တာပဲ။ ဆရာတော်က သာသာလေး ဖဲ့တာဗျ။ ဖဲ့ဆိုတာ ရုပ်အခြင်းခြင်းကို လည်းကောင်း၊ တခြား ဘာသာဝင် ကိုလည်းကောင်း ဖဲ့တယ်ပြောတာ မဟုတ်ဘူးဗျ။ ကျွန်တော့်စိတ်ထဲမှာ လက်ခံထားတဲ့၊ ငယ်ငယ်ကတည်းက ရိုက်သွင်းခံထားရတဲ့ အယူတွေကို စွန့်လွှတ်လိုက်ရတာပါ။ အဲ့မှာ ဆယ့်လေးရက်လောက် နေခဲ့ပြီး အတော်လေး အားရမှ ရိပ်သာထွက်လာခဲ့ပါတယ်။ နောက်တော့ ပိုဆိုးတာပေါ့ဗျာ။ လူက အတော်လေးလည်း အခြေခံနိုင်သွားပြီ။ အမြင်တွေလည်းပွင့်သွားပြီဆိုတော့ ပတ်ဝန်းကျင်က တချို့ ဂါထာယောင်ယောင်၊ ပါဝါကြောင်ကြောင်လူတွေနှင့် ကျွန်တော် သိပ် မကြည်ချင်တော့ဘူး။ သူတို့ကိုပြောရင်လည်း ကိုယ်က ကလေးဆိုတော့ မကြိုက်ချင်ဘူး။ နင်ငရဲ ကြီးမယ်ဆိုပြီးတောင် ပြန်ဟောက်သေးတယ်ဂျ။ ငရဲဆိုတာဘယ်လိုအချိန်၊ အခြေအနေမျိုးမှာကြီးတယ် ဆိုတာ ဂူဂယ်မှာရှာကြည့်ဖို့ ပြောလို့ရရင် ပြောခဲ့တယ်။ ကျွန်တော်က ဟေ့လူတွေ အဲ့ဒါသောက်ရူးလုပ်၊ ငပေါတွေ ဘာညာလည်း မပြောပါဘူးဗျာ။ ကျွန်တော်ပြောတာက ဟသူငယ်ချင်း မင်းစဉ်းစားကွာ၊ မင်း အဲ့ဒီ ထေရ၀ါရ နာမည်ခံပြီး အားကိုးလိုက်မရှာပါနှင့်ဆိုတာလောက်ပဲ လမ်းကြုံမှပြောတာပါ။ တချို့လို အော်လံဂျီးတတ်ပြီး လိုက်ဆွယ်တဲ့လူမျိုးလည်း မဟုတ်ခဲ့ရပါဘူး။ ဒါပေမယ့်လည်း ဗျာ လူဆိုတာ ပြောရခက်တယ် မဟုတ်လား။ သူတို့အလုပ်ကို မကောင်းဘူးပြောရင် ဘယ်သူမှ မကြိုက်ဘူး။ ကျွန်တော်လည်းမကြိုက်ချင်ဘူး။ ထားပါတော့။ အဲ့လိုနှင့်ပဲ စင်္ကာပူရောက်လာတယ်။

ဒီမှာတော့ သိပ်သိပ်ဆိုးဆိုးရွားရွား အယူသီးတာမျိုး မတွေ့ ရပါဘူး။ ဟိုတလောက အဆွယ်ကောင်းလို့ ပါသွားတဲ့ သူငယ်ချင်းတချို့ ကို စိတ်မကောင်းတာကလွဲ ပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး။ သြော် ဒါကသူတို့ အပြစ်မဟုတ်ပါဘူး။ မိဘတွေမှာလည်း နည်းနည်းတော့ တာဝန်ယူသင့်ခဲ့ပါတယ်။ ကလေးကို ငယ်ငယ်ကတည်းက ဘုရားစင်မြင်တိုင်း ကုန်းကုန်း ကန်တော့ခိုင်းပြီး ဘာလည်း မပြောခဲ့တာတွေ လည်း အများကြီးပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက ကံမ၊ အလုပ် ကို အခြေခံပါတယ်။

မိမိပြုသမျှ ဥစ္စာသည် မိမိဟာသာဖြစ်ပါတယ်။ ဘယ်သူပြောတာကို မှ မယုံခိုင်းပါဘူး။ ဘုရားပြောတာလည်း အားလုံးသိမ်းကျုံး ယုံရမယ်လို့မပြောပါဘူး။ ကိုယ့်ဥာဏ် နှင့်ကိုယ်ပါ။ ချင့်ပါ ချိန်ပါ။ အားကိုးရာဆိုလို့ မိမိကိုယ်သာလျှင်ပါပဲ။ သံသရာမှ လွတ်မြောက်ချင်ရင် ကိုယ့်အားကိုယ်ကိုးပါ။ တရားဓမ္မတွေကို လေ့လာပြီး ဘုရားဟောတွေကို နားလည်အောင်လုပ် ပြီး ကြိုးစားရမှာပါ။ အားကိုးရာ တန်ခိုးရှင်ဆိုတာ မရှိခဲ့ပါဘူး။ ကိုယ့် အပူ ကို ကိုယ်ငြှိမ်း ရမှာပါ။

အခုပြောခဲ့တာတွေမှာ ကျွန်တော် ဘယ်သူ့ဘယ်သူကို မှ မစော်ကားပါဘူး။ အားလုံးသူ့ ဟာနှင့်သူ၊ သူ့ကောင်းမှုနှင့်သူ၊ သူ့တန်ခိုးနှင့်သူ ရပ်တည်နေတဲ့ သဘောတရားတွေ၊ လူပုဂ္ဂိုလ်တွေရှိပါတယ်။ ကျွန်တော်က ဘေးကနေ ကြည့်ပြီး အမြင်မတော်တာတွေကို ၀င်အော်တာပါ။ ကိုယ်ကလည်းဘာတတ်နိုင်တာမှတ်လို့ ။ ယုံကြည်မှုတွေပါ။ အယူသီးမှုတွေပါ။ စွဲလန်းမှုတွေပါ။ အဲ့ဒါတွေကို လက်ကိုင်ထားတဲ့ စိတ်တွေ၊ ရုပ်တွေ ကို ကျွန်တော် ဘေးကနေအော်လို့ ချက်ချင်း အမြင်မှန် ရမယ်ဆိုရင် တော့ အဲ့ဒါကို လူ၊ ပုထုစဉ် ရယ်လို့တော့ မခေါ်တော့ပါဘူး။ ဒါပေမယ့်လည်း မဖြစ်မှန်တာကို မျှော်လင့်နေတတ်တာလည်း လူ့သဘာဝ ပဲ ဆိုတော့ သြော် ဒုက္ခ၊ ဒုက္ခ ၊ ဒုက္ခ။